#ရောဂါလက္ခဏာများနှင့်ပတ်သက်သောမေးခွန်းနှင့်အဖြေများ (16.7.21)

 #ရောဂါလက္ခဏာများနှင့်ပတ်သက်သောမေးခွန်းနှင့်အဖြေများ (16.7.21)

=================================
🚩🚩🚩1. ရက်က ဘယ်လိုတွက်ရတာလဲ? ဖျားတဲ့ရက်က စတွက်ရတာလား? အနံ့ပျောက်တဲ့ရက်က စတွက်ရတာလား ရှင့်?
ဖြေ။ ကိုဗစ်-၁၉ ရောဂါလက္ခဏာရှိသူ အနေဖြင့် သီးခြားခွဲနေရမည့် အချိန်ကို တွက်ချက်ရန် မေးမြန်းခြင်းဟု ယူဆပါတယ်။ #ပထမဆုံးစတင်ဖြစ်တဲ့လက္ခဏာမှစတင်ရေတွက်ရပါတယ်
- ရောဂါလက္ခဏာ စပြသည့်နေ့မှစ၍ အနည်းဆုံး ၁၀ ရက်အပြင် ရောဂါလက္ခဏာများ သက်သာခြင်း၊ အဖျားမရှိခြင်း (ဆေးသောက်၍ အဖျားကျခြင်း မဖြစ်ရပါ) အနည်းဆုံး ၂၄ နာရီအကြာမှသာ အခြားသူများနှင့် ပုံမှန်အတိုင်း ထိတွေ့နိုင်ပါသည်။ ပုံမှန်အတိုင်းဟုဆိုရာဝယ် mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေခြင်းတို့ကို မဖြစ်မနေ လိုက်နာဖို့ လိုပါသည်။
- အနံ့ပျောက်ခြင်း လက္ခဏာမှာ အချို့သူများတွင် လအနည်းငယ်ခန့်အထိ ကြာမြင့်တတ်သဖြင့် ၎င်းကို ပြန်လည်သက်သာလာရမည့် လက္ခဏာများတွင် ထည့်သွင်းတွက်ချက်ခြင်း မပြုပါ။
👉 #အဖြစ်များသောကိုဗစ်-၁၉ လက္ခဏာများ အနေနဲ့ကတော့ - အဖျားကြီးခြင်း (၁၀၀.၄ ဒီဂရီဖာရင်ဟိုက်နှင့်အထက်)၊ အားအင်ကုန်ခမ်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် ချောင်းခြောက်ဆိုးခြင်းတို့ဖြစ်ပြီး ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ခြင်း၊ လည်ချောင်းနာခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ မျက်လုံးနီရဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အနံ့မရခြင်း၊ အရသာ မရခြင်း၊ အရေပြားတွင် အနီကွက်များထွက်ခြင်းနှင့် လက်ချောင်း ခြေချောင်းများ အရောင်ပြောင်းခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။
👉 #ပြင်းထန်တဲ့ရောဂါလက္ခဏာများ အနေနဲ့ အသက်ရှူကြပ်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ စကားမပြောနိုင်ဖြစ်ခြင်း သို့မဟုတ် မလှုပ်ရှားနိုင်ဖြစ်ခြင်းတို့ ခံစားရနိုင်ပါတယ်။
🚩🚩🚩2. အနံ့ပျောက်တာ တခြားရောဂါကြောင့် ရှိသေးသလား ဆရာ? သိချင်ပါတယ်။
ဖြေ။ အအေးမိခြင်း၊ ဓာတ်မတည့်ခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းခြင်းတို့အပြင် နှာခေါင်းထဲတွင် အသားပိုများဖြစ်ခြင်း၊ နှာခေါင်းနှင့် အနံ့ခံအာရုံကြောများ ထိခိုက်ဒဏ်ရာရခြင်း တို့တွင်လည်း အနံ့ပျောက်ခြင်း ဖြစ်တတ်ပါတယ်။
- သို့သော် ယခုလို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များနေသောအချိန်၌ #အနံ့ပျောက်ခြင်း လက္ခဏာခံစားရပါကကိုဗစ်ရောဂါသံသယဖြင့် အထူးဂရုပြုနေထိုင်ကြရမှာ ဖြစ်ပါတယ်။
🚩🚩🚩3. Covid ကူးစက်ပြီး အဖျားက ဘယ်နှရက်ထိ ဖျားတတ်လဲရှင့်? Oxygen ကောင်းပြီး အဖျားကြီးတယ် 7 ရက်လောက် ရှိပါပြီ၊ မသက်သာသေးပါဘူး၊ ဘယ်ရက်လောက်ဆို သက်သာတတ်လဲ သိချင်လို့ပါရှင့်။
ဖြေ။ ရောဂါပိုးစတင် ကူးစက်ခံရချိန်မှ ရောဂါလက္ခဏာများ စတင်ခံစားရချိန်သည် #အများအားဖြင့်_၅_ရက်မှ_၆_ရက်အတွင်းတွင် ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် ၂ ပတ်အထိ ကြာမြင့်နိုင်ပါတယ်။
- အချို့လူနာများတွင် သွေးတွင်းအောက်ဆီဂျင် လျော့နည်းနေသော်လည်း အသက်ရှုကြပ်ခြင်း လက္ခဏာများ ခံစားရလေ့မရှိသည်ကိုလည်း တွေ့ရှိရပါတယ် (#SilentHypoxia) 🚨🚨🚨
- လေ့လာတွေ့ရှိချက်များအရ
👉 ပိုးကူးစက်ခံရသူတွေရဲ့ အများစု #၈၀_ရာခိုင်နှုန်းခန့်ဟာ မပြင်းထန်တဲ့ ရောဂါလက္ခဏာတွေပြပြီး ပထမတစ်ပတ်နှင့် ဒုတိယတစ်ပတ်အတွင်း တဖြည်းဖြည်းနဲ့ သက်သာသွားတာကို တွေ့ရပါတယ်။
👉 #၁၅_ရာခိုင်နှုန်းခန့်သော ကူးစက်ခံရသူတွေကတော့ ရောဂါလက္ခဏာပြပြီး (၅ ရက်မှ ၈ ရက်ကြား) ဒုတိယအပတ်မှ စပြီး ရောဂါလက္ခဏာများ ပိုမိုဆိုးရွားစွာ ခံစားရလေ့ရှိပြီး သွေးတွင်း အောက်ဆီဂျင် SPO2 92% အောက်ကို ကျလာလေ့ရှိကာ ကုသမှု ခံယူရလေ့ရှိပါတယ်။
👉 ကျန်တဲ့ #၅_ရာခိုင်နှုန်းခန့်သော ကူးစက်ခံရသူတွေမှာတော့ ပိုမိုပြင်းထန်တဲ့ ရောဂါလက္ခဏာများ ခံစားရလေ့ရှိပြီး လေပြွန်ထဲသို့ အသက်ရှူပိုက်ထည့်သွင်းရသည့် ကုထုံးများဖြင့် ကုသမှု ခံယူရလေ့ရှိကာ အသက်အန္တရာယ် ကြုံတွေ့ရနိုင်ပါတယ်။
🚩🚩🚩4. 1 ရက်နေ့ကစပြီး လည်ချောင်းနာပါတယ်။ နောက်နေ့တွေကျတော့ နှာစေး ချောင်းဆိုးပါတယ်။ ၆ ရက်နေ့က စပြီးတော့ အဖျားတက်တာက ၁၂ ရက်နေ့အထိ တက်လိုက် ကျလိုက်နဲ့ပါပဲ။ အခုတော့ အနံလည်း ပုံမှန်ပြန်ရပါပြီ။ ဒါပေမယ့် အသက်ရှူလိုက်ရင် ရင်ဘတ်က အောင့်တက်လာလို့ပါ၊ စိုးရိမ်ရလား ခင်ဗျာ? ကျေးဇူးပြုပြီး ဖြေပေးပါဦးနော်။
ဖြေ။ ကိုဗစ်-၁၉ လက္ခဏာများကို မေးခွန်း (၁) တွင် ကြည့်ရှုပေးပါ။ ကိုဗစ်ကြောင့် ဖြစ်တတ်တဲ့ အဆုတ်ထိခိုက်ခြင်းနဲ့ ရင်ဘတ်ကြွက်သားများ နာကျင်ခြင်းတို့တွင်လည်း ရင်ဘတ်အောင့်ခြင်း ခံစားရနိုင်တဲ့အတွက် ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ ပြသဖို့လိုအပ်ပါတယ်။
🚩🚩🚩5. Positive သမားနဲ့ ထိတွေ့ထားတယ်၊ နှစ်ရက်မြောက်နေ့မှာ အလာ့ဂျစ်လို အင်ပြင်အဖုသေးသေးတွေ လက်တွေ ကျောပြင်မှာတွေ ထွက်လာတယ်၊ တခြားဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း လုံးဝမရှိဘူး၊ အဲဒါ ကိုဗစ်နဲ့ သက်ဆိုင်သလား ခင်ဗျာ?
ဖြေ။ ကိုဗစ်-၁၉ ရောဂါတွင် အင်ပြင်ကဲ့သို့ အရေပြားလက္ခဏာများ ခံစားရနိုင်ပါတယ်။ အသေးစိတ်ကို https://www.facebook.com/ckcmohnugmm/posts/113571524328436 ရဲ့ မေးခွန်း ၂ တွင် ဖတ်ရှုပေးစေလိုပါတယ်။
🚩🚩🚩6. အကုန်ပြန်ကောင်းနေပြီး အဖျားလည်း မရှိပေမဲ့ အနံ့မရသေးရင်ရော ကိုဗစ်ရှိနေသေးတာလား ရှင့်?
ဖြေ။ ကိုဗစ်ကူးစက်နိုင်ခြေရှိ၍ သီးခြားနေထိုင်ရမည့်အချိန်ကို ရောဂါလက္ခဏာစပြသည့်နေ့မှစ၍ အနည်းဆုံး ၁၀ ရက်အပြင် ရောဂါလက္ခဏာများ သက်သာခြင်း၊ အဖျားမရှိခြင်း (ဆေးသောက်၍ အဖျားကျခြင်း မဖြစ်ရပါ) အနည်းဆုံး ၂၄ နာရီကြာချိန်အထိဟု သတ်မှတ်ထားပါတယ်။ ၎င်းနောက်မှသာ အခြားသူများနှင့် ပုံမှန်အတိုင်း ထိတွေ့နိုင်ပါတယ်။ ပုံမှန်အတိုင်းဟုဆိုရာဝယ် mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေခြင်းတို့ကို မဖြစ်မနေ လိုက်နာဖို့ လိုပါသည်။
- အနံ့ပျောက်ခြင်း လက္ခဏာမှာ အချို့သူများတွင် #လအနည်းငယ်ခန့်အထိကြာမြင့်တတ်သဖြင့် အထက်ပါ သတ်မှတ်ရက်ထက် ကျော်လွန်၍ ခံစားရသော အနံ့ပျောက်ခြင်းကို ကိုဗစ်ကူးစက်နိုင်ခြေရှိသည့် လက္ခဏာအဖြစ် ထည့်သွင်းတွက်ချက်ခြင်း မပြုပါ။
🚩🚩🚩7. အနံ့ပျောက်တာ၊ ဖျားတာတွေ ဖြစ်ပြီး အားလုံးကောင်းသွားလို့ 17 ရက်မြောက်နေ့ကျမှ မျက်စိနာတာက COVID-19 ကြောင့်လား (သို့မဟုတ်) ရိုးရိုးမျက်စိနာတာလား သိချင်လို့ပါ။
ဖြေ။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော မျက်စိနာခြင်းသည် အခြားရောဂါလက္ခဏာများနှင့် တွဲ၍ အများဆုံးဖြစ်တတ်ပြီး အချို့တွင် ကနဦးအစတွင် ဖြစ်တတ်ကြောင်း တွေ့ရပါတယ်။ အများအားဖြင့် ၅ ရက်မှ ၇ ရက်အတွင်းတွင် ပြန်လည်ကောင်းမွန်သွားလေ့ရှိကြောင်း တွေ့ရှိရပါတယ်။
- သို့ရာတွင် ကိုဗစ်-၁၉ ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကို အတိအကျမသိနိုင်သေးသဖြင့် ကျွမ်းကျင်သော မျက်စိအထူးကုဆရာဝန်များနှင့် တိုင်ပင်ပြသရန် အကြံပေးလိုပါတယ်။
🚩🚩🚩8. ဖျားတာ၊ အနံ့ပျောက်တာမျိုးမရှိဘဲ မောတာ၊ အသက်ရှူမဝတာမျိုး တန်းဖြစ်နိုင်လားဆိုတာ သိပါရစေ။
ဖြေ။ အများအားဖြင့် အခြားရောဂါလက္ခဏာများနှင့် တွဲ၍သာ မောခြင်း၊ အသက်ရှူမဝခြင်းမျိုးတို့ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ရောဂါလက္ခဏာများကို သိထားဖို့ လိုအပ်ပါတယ်။
- ကိုဗစ်-၁၉ လက္ခဏာများကို မေးခွန်း (၁) တွင် ကြည့်ရှုပေးပါ။
- အချို့လူနာများတွင်မူ အသက်ရှုကြပ်ခြင်း လက္ခဏာများ ခံစားရခြင်း မရှိသည့်တိုင် သွေးတွင်းအောက်ဆီဂျင် လျော့နည်းနေခြင်းမျိုးကိုလည်း တွေ့ရှိရတတ်ပါတယ် (#SilentHypoxia)။
🚩🚩🚩9. ခေါင်းနည်းနည်းကိုက်ချင်သလိုဖြစ်ပြီး မိုက်ကနဲ မူး၊ မျက်စိဝေတာ ကိုဗစ် ၁၉ လက္ခဏာ ပါလား ရှင့်?
ဖြေ။ အခြားအကြောင်းအရာများကြောင့် ဖြစ်နိုင်သော်လည်း ၎င်းလက္ခဏာများသည် ကိုဗစ်-၁၉ ရောဂါတွင်လည်း ခံစားရနိုင်ပါတယ်။ ကိုဗစ်-၁၉ လက္ခဏာများကို မေးခွန်း (၁) တွင် ကြည့်ရှုပေးပါ။

0 Comments